ကျောက်ဖြူ ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းကရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့သွားရောက်၍ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှုပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/စာစောင် စသည့် စာအုပ်ပေါင်း ၁၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါ ဦးစီးဌာနရုံးဝန်ထမ်းများက စိတ်အားထက်သန်ပျော်ရွှင်စွာ ဖြင့် ငှားရမ်းခဲ့ကြသည်။
ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ထိုသို့ ဦးစီးဌာနရုံးများသို့ Mobile Library ဖြင့်ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး