ကန့်ဘလူ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေး တို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆန်တစ်ပြည်၊၊ ဆီ တစ်ဆယ်ကျပ်သား၊ ငါးခြောက် တစ်ဆယ်ကျပ်သားနှင့် ကြက်ဥငါးလုံး စသည့် ပစ္စည်းလေးမျိုး တို့ကို ၃၀၀၀ ကျပ်ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးပြီး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)