ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား/သူများက "စုံညီပွဲတော် တို့နွဲပျော်" တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို စတင်ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ပညာရည်ချွန်ဆုပေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရ ထက်/ လယ်/ မူ ကျောင်းသား၊ ကျောင်းသူများအား  တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့‌ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)