ဖားဆောင်းမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်နည်း (ဖိနပ်ချုပ်)သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

ဖားဆောင်း      ဇန်နဝါရီ       ၁၃         

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဖားဆောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်နည်း(ဖိနပ်ချုပ်)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က တောင်ပေါ်ကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးမှသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ ကျေးလက်နေပြည်သူများစားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှဝင်ငွေများရရှိစေရန်နှင့် မိမိတို့၏မိသားစုတွင်း၌လည်း သင်တန်းတက်ရောက်ထားခြင်းကြောင့် မိမိစိတ်တိုင်းကြအလှဆင်၍ ဖိနပ်များချုပ်တတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဘောလခဲခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစံမြကသင်တန်းသား/သူများအား သင်တန်းမှပို့ချသည့် ဖိနပ်ချုပ်နည်းပညာများအား တတ်မြောက်သည့်အထိ သင်ကြားကြရန်လိုအပ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင်လည်း အကျိုးရှိရှိအသုံးချကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကတ္တီပါဖိနပ်ချုပ်နည်း(၅)မျိုး သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ(၁၀)ရက်ဖြစ်ကြောင်း၊ သင်တန်းသား/သူ(၂၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် ဖိနပ်ချုပ်နည်းလက်တွေသင်တန်းသင်ကြားပေးနေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)