ကဝ ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အခြေခံပညာမူလတန်းလွန်(ဘူးကုန်း)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောအိအိထက်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းဝင်းက မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန်နှင့် စာသင်ကျောင်းအနီးအနားတွင် ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက်ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး၏အန္တရာယ်များ၊ မူးယစ်ဆေးဆိုသည်မှာ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲမိသောအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးပပျောက်ရေးကို မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်တို့ဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက်ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာအသိပညာပေးနံရံကပ်စာစောင်အား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)