ပွင့်ဖြူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သာစည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ်ထုတ်ချေးပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လင်းလက်သိန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများဖော်ဆောင်ရာ၌ ရန်ပုံငွေလေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရန်ပုံငွေ စာရင်းဇယားများကို စနစ်တကျ မှတ်တမ်းပြုစုထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်လင်းလက်သိန်းနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းအသင်းဝင်များထံမှ သတ္တမအကြိမ် ထုတ်ချေးပေးထားသည့် စီမံကိန်းရန်ပုံငွေများကို ပြန်လည်ကောက်ခံရယူပြီး အဋ္ဌမအကြိမ်မြောက်အဖြစ်စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၉၃ ဦးကို ငွေကျပ် ၂၈ ဒသမ ၉ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၃ ဦးကို ငွေကျပ် ၁၁ ဒသမ ၂ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃၆ ဦးကို ငွေကျပ် ၁၀ ဒသမ ၂ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၆ ဦးကို ငွေကျပ် ၁ ဒသမ ၇ သန်း၊ စုစုပေါင်းစီမံကိန်းအသင်းသား၊ အသင်းသူ ၁၇၈ ဦးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်(၅၂)သန်းကို အသင်းသားများလက်ဝယ်အရောက်နေ့ချင်းပြီး စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)