ရေနံချောင်းတက္ကသိုလ်၌ Longlasting Present of the Ayeyarwady River ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

ရေနံချောင်း ဇန်နဝါရီ ၁၃

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ မြန်မာနိုင်ငံ၏ အဓိကမြစ်တစ်စင်းဖြစ်သည့် ဧရာဝတီမြစ်၏ အရေးပါပုံနှင့်ပတ်သက်၍ Longlasting Present of the Ayeyarwady River ခေါင်းစဉ်ဖြင့် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအခမ်းအနားတွင် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က ကျောင်းသား ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် ဟောပြောပွဲ၊ အားကစားပွဲများနှင့်ပြိုင်ပွဲများကို အလျဉ်းသင့်သလို ကျင်းပပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် ဟောပြောပွဲသည် သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးတန်းဖိုးထားတတ်စေရန်နှင့် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်တတ်စေရန် ရည်ရွယ်၍ ဧရာဝတီမြစ်၏ အကျိုးပြုပုံကိုသိရှိစေရန် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတက္ကသိုလ်ပထဝီဝင်ဌာန ပါမောက္ခဌာနမှူး(ငြိမ်း) မြန်မာနိုင်ငံပထဝီဝင်အသင်းအမှုဆောင် ဒေါက်တာဝင်းမောင်က မြန်မာနိုင်ငံ၏ အဓိကမြစ်တစ်စင်းဖြစ်သည့် ဧရာဝတီမြစ်၏ အရေးပါပုံနှင့်ပတ်သက်၍ Longlasting Present of the Ayeyarwady River ခေါင်းစဉ်ဖြင့် ဧရာဝတီမြစ်၏ အကျိုးပြုပုံ၊ အကျယ်အဝန်း၊ အရှည်နှင့် ထိန်းသိမ်းကာကွယ်ရေးအကြောင်းများကို Video Comferencing ဖြင့်ကျယ်ကျယ်ပြန့် ပြန့်ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရေနံချောင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ သင်တန်းစီမံဌာနမှူးများ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)