ကလေး ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးခြင်းများကို ကလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော နို့တိုတ်မိခင်များကိုလည်း ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးရာတွင် အသက် (၂) လအရွယ် ကလေးငယ်များကို ဘီစီဂျီ၊ ပိုလီယို (ပထမ) ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) (ပထမ) ၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) (ပထမ) ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ကိုလည်းကောင်း၊ အသက် (၄) လအရွယ်ကလေးငယ်များကို ပိုလီယ (ဒုတိယ) ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) (ဒုတိယ)၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) (ဒုတိယ) ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (ဒုတိယ) ကိုလည်းကောင်း၊ အသက် (၆) လအရွယ် ကလေးငယ်များကို ပိုလီယို (တတိယ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) (တတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (တတိယ) ကိုလည်းကောင်း၊ အသက် (၉) လအရွယ် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး (ပထမ) ၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများနှင့် အသက် (၁) နှစ်ခွဲကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး (ဒုတိယ) ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (စတုတ္ထ) စသည့်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ထိုးနှံပေးနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)