နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော်လုပ်ငန်းစဉ် အလုပ်ရုံဆွေးနွေးပွဲ မြန်အောင်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင်ကျင်းပပြုလုပ်

မြန်အောင် ဇန်နဝါရီ  ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက် မတည်ထောက်ပံ့ငွေ အကောင်အထည်ဖော်လုပ်ငန်းစဉ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်က  မြန်အောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါက်တာအေးသီင်္ဂသင်းက မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံစီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော မြို့နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အသေးစား၊ အလတ်စား မွေးမြူရေးလုပ်ငန်းရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

မြန်အောင်မြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ထောက်ပံ့ငွေဖြင့် အသားတိုးဝက် တစ်ယူနစ် (အကောင် ၁၀၀) ငွေကျပ် (၃၅)သန်း၊ ဥစားဘဲ တစ်ယူနစ် (အကောင် ၃၀၀၀) ငွေကျပ်(၁၅)သန်း၊ အသားတိုးကြက် တစ်ယူနစ်( အကောင် ၃၀၀၀) ငွေကျပ် ၁၅ သန်း နှုန်းဖြင့် မွေးမြူသူအစုအဖွဲ့များ ဖွဲ့စည်း၍ ကနဦးရင်းနှီးမြှုပ်နှံမှုနှင့်ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မျှဝေခြင်းဖြင့်အသေးစား၊ အလတ်စားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာ ဆက်စပ်လုပ်ကိုင်သူများပါ အကျိုးအမြတ် ပိုမိုရရှိနိုင်ရန်၊ မွေးမြူရေးလုပ်ငန်းအတွက် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နစ်နာမှုများကို လျှော့ချနိုင်ရန်နှင့်အသေးစားနှင့်အလတ်စားမွေးမြူသူများအတွက် ခိုင်မာသော စျေးကွက်ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းမျာ းဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးသီင်္ဂသင်း ထံမှသိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ ဆက်)