သာယာဝတီမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

သာယာဝတီ ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲကို ယနေ့ နံနက် ၉ နာရီ က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ( ပညာ့အားမာန်) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အ.ထ.က (၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော် တို့နွဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟုက အဖွင့်အမှာစကားပြောကြားပြီး၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်နှင်းအေးက ထပ်ဆင့်အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့် ဆုရရှိသူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ U-18 ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲဝင် အားကစားသမားများ၊ ကျောင်းသားအားကစားပွဲတော်မှ ဆုရရှိသူများ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားတွင် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက အကအလှ၊ သီဆိုဖျော်ဖြေမှုများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး၊ အခမ်းအနားအား ကျောင်းသား၊ ကျောင်းသူများမှ “ဇာတိမာန်” သီချင်းဖြင့် သီဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။

အောင်ဝတီ (ပြန်/ ဆက်)