ဒေးဒရဲ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၁၁) နာရီတွင် တမော့ကြီးကျေးရွာအုပ်စုနှင့် မွန်းလဲ (၁) နာရီခွဲတွင် မဲဇလီကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးက ပြည်သူများအား ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ဆွေးနွေးခြင်းနှင့် အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးက တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ ကျေးရွာများသန့်ရှင်းသာယာရေးလုပ်ငန်းများ၊ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဒေသရှိပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ နွေစပါးစိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ ဓာတ်မြေသြဇာ၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးစသည့် သွင်းအားစုများ စျေးနှုန်းချိုသာစွာရရှိနိုင်ရေးနှင့် ရပ်ရွာမီးဘေးလုံခြုံရေးကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများ အခက်အခဲများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း