ပန်းတောင်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ် အဆင့်ပညာရေး စုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉)အချိန်က အ.ထ.က (ပန်းတောင်း)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို ကျောင်းသူလေးများမှ “စုံညီပွဲတော်ဒို့နွှဲပျော်” သီချင်းဖြင့်သီဆို ကပြဖျော်ဖြေခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားစွာ အောင်မြင်ခဲ့သော အ.ထ.က (ပန်းတောင်း)၊ အ.ထ.က(ခွဲ)က ပစ(၉)၊ အ.ထ.က ပဲကြီး အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ လည်းကောင်း၊ ခရိုင်လက်ရွေးစင် အားကစားဆုရ ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကြည်မှ လည်းကောင်း၊ မြို့နယ်အဆင့်လူရည်ချွန်ရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်နှင့် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုးတို့မှလည်းကောင်း ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အ.ထ.က (ပန်းတောင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)