ပေါက်ခေါင်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက သဖန်းချိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသား/ သူများ စာပေဖတ်ရှုခြင်း အလေ့အထကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုသိရှိစေရန်နှင့် မသုံးစွဲမိစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်များဖြစ်လာစေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပြီး မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအဖြစ် ဒုတိယဦးစီးမှူး ဒေါ်သူဇာနှင်းနှင့် ရုပ်သံကျွမ်းကျင်-၃ ဦးစိုးနိုင်တို့က ရုပ်ပုံစာအုပ်များဖြင့် ပုံပြင်ပြောခြင်း၊ ကလေးငယ်များပုံပြင်စာအုပ်များ ဖတ်ရှုစေခြင်းတို့အပြင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)