ကျိုက်လတ်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

ကျိုက်လတ် ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြစန္ဒီခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ  ကျောင်းသား/ကျောင်းသူလေးများက “ကြိုဆိုပါတယ် စုံညီပွဲတော်” သီချင်းဖြင့်အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘများမှပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုလိုထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် စာများများဖတ်ရန်လိုအပ်ကြောင်း၊ ဖုန်းများအသုံးပြုမှုကို သတိပြုကြစေလိုကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက်လည်း အခုအချိန်မှစ၍ ကြိုးစားကြစေလိုကြောင်း၊ လူတော်လူကောင်းများဖြစ်အောင် ဇွဲ၊ လုံ့လ၊ ဝီရိယကို အဖော်ပြု၍ကြိုးစားကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍  မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သန်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နိုင်ငံတော်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပတ္တလားအတီးပြိုင်ပွဲ ဒုတိယဆုရရှိသူ မောင်ခန့်စည်သူ၊ လူရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင် ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆိုဖျော်ဖြေ ပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ် (ပြန်/ဆက်)