ပဲခူး ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပဲခူးစည်ပင်သာယာဈေးကြီးတွင် အစားအသောက်၊ ဆေးဝါး၊ အလှကုန် ဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲပြား၊ ပဲသွေး၊ မုန့်ဖတ် နန်ကြီးဖတ်အစားအသောက် နမူနာများအား ရွေ့လျားဓာတ်ခွဲယာဉ်တွင်ပါရှိသော တစ်ခါသုံး ဓာတ်ဆေးပစ္စည်းများဖြင့် ချက်ချင်းစစ်ဆေးရာ ပဲသွေးနှင့် W တံဆိပ် ပဲပြားတွင် စားသုံးရန်မသင့် ဖော်မလင် ဓာတုဆေးပါဝင်နေကြောင်း တွေ့ရှိရသဖြင့် ရောင်းချသူများအား နောက်နောင် ရောင်းချခြင်းမပြုရန် ခံဝန်ကတိရေးထိုးစေပြီး စားသောက်ကုန်များအား သိမ်းဆည်း၍ ကော်မတီများရှေ့မောက်တွင် စနစ်တကျ စွန့်ပစ်စေခဲ့သည်။
ထို့နောက် ပဲခူးမြို့မဈေးကြီးအတွင်းနှင့် အနီးရှိ ဆေးဆိုင် (၅) ဆိုင်အား ရှောင်တခင် ကွင်းဆင်း စစ်ဆေးရာ ဆေးဆိုင် (၂) ဆိုင်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မရှိသော ဆေး(၂) မျိုးနှင့် သက်တမ်းလွန်ဆေးဝါး (၁) မျိုး တွေ့ရှိရသဖြင့်သိမ်းဆည်းခဲ့ပြီး အလှကုန်နှင့် လူသုံးကုန် ရောင်းချသော ဆိုင် (၄) ဆိုင်အား ဆက်လက်စစ်ဆေးရာ ဆိုင် (၂)ဆိုင်တွင် သုံးစွဲရန်မသင့်သော မာကျူရီပါရှိသော QIANEI အလှကုန်နှင့် SKY ဆပ်ပြာခဲများ တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ပြီး အဆိုပါဆိုင်များအား နောက်နောင် ရောင်းချခြင်းမပြုရန် ခံဝန်ကတိရေးထိုးစေကာ ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အရေးယူရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထို့အပြင် ခေါက်ဆွဲခြောက်၊ လက်ဖက်ခြောက်၊ နနွင်းမှုန့်၊ မျှင်ငါးပိ၊ ပဲငပိတို့အား ဝယ်ယူ၍ ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ ဓာတ်ခွဲခန်းတွင် ခွင့်မပြုဓာတုဆိုးဆေးများ ပါဝင်ခြင်းရှိ/ မရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ ဆက်)