ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာတွင် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

ရွှေသောင်ယံ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စုအုန်းချောင်းကျေးရွာ အုန်းချောင်းအသင်းတော်ခန်းမဆောင်တွင် ယနေ့ နံနက် (၉) နာရီခွဲက မြို့အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်မှရှေးဦးစွာ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ရခြင်းတို့ကိုပြောကြားကာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေးစသည်ဖြင့် ကဏ္ဍအလိုက် ရှင်းလင်းပြောကြားသည်။

ထို့နောက် စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့တွင် ပါဝင်သောဌာနဆိုင်ရာများမှ မိမိတို့ဌာနလုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ပြည်သူများအားရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်သူများမှဒေသလိုအပ်ချက်များကို မေးမြန်းတင်ပြကြရာတွင် မီးဘေးလုံခြုံရေးလမ်း၊ တံတားများ‌ ကောင်းမွန်ရေး၊ လျှပ်စစ်ဓါတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးစသည်ဖြင့် ပြောဆိုဆွေးနွေးကြသည်။ သို့ရာတွင် ဌာနဆိုင်ရာများမှ ချက်ခြင်းဆောင်ရွက်ပေးနိုင်သည်များရှိပါက ချက်ခြင်းဆောင်ရွက်ပေးပြီး ချက်ခြင်းမဆောင်ရွက်ပေးနိုင်ပါက ပြည်သူများ၏လိုအပ်ချက်များကို မှတ်သားထား၍ အဆင့်ဆင့်ပြန်လည်တင်ပြကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းထိုက်နှင့် မြို့အဆင့်ဌာနဆိုင်ရာများ သဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာခွဲခေါင်းဆောင်များ ပြည်သူများ တက်ရောက်ကြသည်။

ရွှေသောင်ယံ (ပြန်/ဆက်)