ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရွှေတောင် ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းကပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စိုက်/ကြပ်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စုကွင်းအမှတ် (၄၀၈) ရွာဟောင်းကွင်းရှိ MAPCO ကုမ္မဏီအမည်ဖြင့် စက်မှုစီးပွားမြေငှား ဂရမ်ရရှိရေးလျှောက်ထားခြင်း ကိစ္စနှင့်ပတ်သတ်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု ပုရပိုက်တန်းကျေးရွာ Myanmar Land ကုမ္ပဏီမှ ကျပ်သိန်း (၄၈၆.၀၀) ဖြင့် တင်ဒါအောင်မြင်လုပ်ပိုင်ခွင့်ရရှိခဲ့သည့် ရွှေတောင်ရေလမ်းကြောင်း ကောင်းမွန်ရေး (ဧရာဝတီမြစ်လုပ်ငန်း) လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်(အထက ရွှေတောင်) ကျောင်းဝန်းအရှိ ဧရိယာ (၄.၀၀) ဧကပေါ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းဆောက်လုပ်မှု အခြေအနေများ၊ ရွှေတောင်မြို့နယ် ဒုရင်ဒုဘိုအုပ်စု မှတ်တော်မူကျေးရွာရှိ မရိုးပင်ဆည်နှင့် ဆက်စပ်ရေတံခါးများ တည်ဆောက်လုပ်ငန်း (၁၀၀) ရာခိုင်နှုန်းပြီးစီးမှု အခြေအနေများ၊ ရွှေတောင်မြို့နယ် မင်းကွန်းကျေးရွာအုပ်စု၊ တပ်သစ်ကျေးရွာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အခြေခံရမည့် အိမ်ထောင်စု လူဦးရေစာရင်း တိကျမှန်ကန်ရေးအတွက် မြေပြင်တိုက်ဆိုင်စစ်ဆေးနိုင်ရေး တစ်အိမ်တက် တစ်အိမ်ဆင်းကွင်းဆင်း ကောက်ယူမှု အခြေအနေများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စိုက်/ကြပ်အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ထပ်မံဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)