အောင်လံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

အောင်လံ ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး အောင်လံခရိုင်၊ အောင်လံမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အထက(၁) ရွှေရတုခန်းမတွင်ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးချစ်လွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အ-ထ-က(၁)ကျောင်း ကျောင်းသား/သူများမှ စုံညီပွဲတော်သီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စမ်းချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖြိုးထက်မောင်က အမှာစကားကာ အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမာလာခိုင်က ပညာရေးစုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အဆို၊ အက၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)