ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံ

ပုဏ္ဏားကျွန်း  ဇန်နဝါရီ  ၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းကို ယနေ့၊ နံနက်ပိုင်းက သက်ဆိုင်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သော  ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး(၂)ကြိမ် ဆက်တိုက်ထိုးနှံပြီးစီးမှု ခြောက်လပြည့်သည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၆)ကျောင်းတွင် ယမန်နေ့က ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်၊ ထိုးနှံပြီးစီးမှုကာလ ခြောက်လပြည့်သည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူ (၉၅၈)ဦးတို့ကို ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster)ထိုးနှံပေးခဲ့ပြီး၊ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပြီးစီးသူ(၁၂၈၉)ဦးရှိကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)