ကျောက်ဖြူ ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) (၁၃၃)ဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်းသွားရောက်ကာ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) သည် မိမိတို့တာဝန်ကျသည့် သက်ဆိုင်ရာရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများအား တိုက်ဆိုင်စစ်ဆေးခြင်း၊ လူဦးရေစာရင်းများမှန်ကန်တိကျမှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိသည်။ ယင်းသို့ ကွင်းဆင်းစာရင်းကောက်ယူနေမှုအား ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ကျောက်ဖြူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်မှုရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စုနှင့် စနဲမြို့ရှိ(၅)ရပ်ကွက်သို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ပေါင်း(၁၃၃)ဖွဲ့ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူမှုများကို ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရသည်။
တင်ထွန်းဦး