မအီမြို့ မင်္ဂလာမာရ်အောင်စေတီတော်၌  အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မအီ    ဇန်နဝါရီ    ၁၂

မအီမြို့တွင် ရတနာမာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇)ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် တည်ထားကိုးကွယ်သည့် မာရ်ငါးပါးစေတီတော်များနှင့် ရတနာ့ မာရ်အောင် တောရဓမ္မရိပ်သာ၌ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ(၈)ရက်၊ ပြာသိုလဆုတ်(၃)ရက်နေ့က ရတနာ့မာရ်အောင် ဆံတော်ရှင်စေတီတော်မှ စတင်၍ ဆရာတော် သံဃာတော်များက ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြရာ ယမန်နေ့ နံနက်(၉)နာရီအချိန်က မာရ်ငါးပါးစေတီတော်များအနက်မှ မအီမြို့၊ ဆိတ်ဖူးတောင်ရပ်ရှိ မင်္ဂလာမာရ်အောင် စေတီတော်မြတ်၌ ရွတ်ဖတ်သရဇ္ဈာယ်  ပူဇော်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပဌာန်းပူဇော်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ တရားနာပရိတ်သတ်တို့က ဩကာသ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အင်တောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ရတနာမာရ်အောင်ကျောင်းတိုက်ဆရာတော် အရှင်ခေမာစာရမှ ရောင်ခြည်တော်ဖွင့် ဂါထာတော်နှင့် ပဌာန်းပစ္စယ နိဒ္ဒေသ၊ ပဌာန်းပစ္စယ ဥဒ္ဒေသတို့အား ရွတ်ဖတ်ပူဇော်ခဲ့ပြီး အောင်သပြေဆရာတော်မှ တရားနာလာရောက်ကြရန် နတ်ဗြဟ္မာတို့အား ပင့်ဆောင်ခဲ့သည်။ ဆက်လက်၍ မြောက်ဦးဆရာတော်ကြီးမှူးသည့် ဆရာတော် သံဃာတော် များက ပဌာန်းဒေသနာတော်များကို ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းက ရေစက်သွန်းချ ပဌာန်းသိမ်းပွဲကို ဆက်လက်ကျင်းပရာ အင်တောင် ကျောင်းတိုက်ဆရာတော်ထံ၌ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနှင့် အနုမောဒနာတရားများကို နာကြားခဲ့ကြပြီး  ဆရာတော် သံဃာတော်များက မေတ္တာသုတ်တရားတော်အား ဟောကြား တော်မူခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်တို့အား နဝကမ္မအလှူငွေနှင့် လှူဖွယ် ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရတနာမာရ်အောင်ကျောင်းတိုက်ဆရာတော်ထံ၌ လှူန်ဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ ရပ်မိရပ်ဖ ဦးဘစောအောင်က တရားလာရောက်နာကြားရန် ဖိတ်ကြားထားသည့် နတ်ဗြဟ္မာတို့အား တရားတော်ဖြင့် ပြန်ပို့ခဲ့ပြီး ပူဇော်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖော်ပြပါ ပဌာန်းပူဇော်ပွဲများကို မြောက်ဦးဆရာတော်ဘုရားကြီး၏ မိန့်မှာချက်အရ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ဌာနဆိုင်ရာများက ပဌာန်းပူဇော်ပွဲတိုင်း၌ ဆရာတော် သံဃာတော်များ၏ ဆွမ်း ခဲဘွယ် ဘောဇဉ်နှင့် ဝေယျာဝစ္စ အဝဝတို့အား တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ပူဇော်ခဲ့သည့် မင်္ဂလာမာရ်အောင်စေတီတော် အသံမစဲမဟာပဌာန်းပူဇော်ပွဲ၌ ပင့်သံဃာ(၁၉)ပါးတို့က ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြပြီး သံဃာတစ်ပါးလျှင် မြောက်ဦးဆရာတော်ဘုရားကြီးမှ နဝကမ္မ အလှူငွေ (၃၀၀၀၀)ကျပ်နှင့် မအီနယ်မြေခံတပ်ရင်း မိသားစုများနှင့် မအီနယ်မြေရဲစခန်းမိသားစုများက (၂၀၀၀၀)ကျပ်စီ ကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ဆက်လက်၍လည်း မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မအီမြို့ ပတ်ဝန်းကျင်ရှိ လောကမာရ်အောင်နှင့် ထူပါရုံငြိမ်းချမ်းရေးစေတီတော်၌ ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်သွားမည်ဖြစ်ပြီး ရတနာမာရ်အောင် တောရဓမ္မရပ်သာရှိ အဓိဌာန်အောင် ဆုတောင်းပြည့် လျောင်းတော်မူဘုရားကြီး ရင်ပြင်တော်၌ (၃)ရက်ပူဇော်သွားမည်ဖြစ်ရာ စုစုပေါင်း အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲများကို (၉) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ မြို့အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

မောင်မောင်ဌေး(ပြန်/ဆက်)