ကြံခင်း ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အခြေခံပညာရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကြံခင်းမြို့ အ-ထ- က(၁)ကျောင်း အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ-ထ-က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/သူများ အသိပညာပေးဟောပြောပွဲမှရရှိသော ဗဟုသုတများကိုမှတ်သားလိုက်နာခြင်းဖြင့် နောင်အနာဂတ်တွင် မိမိတို့၏ဘဝများ တိုးတက်မြင့်မားလာမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့ မြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဇင်ထိုက်က မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရန် ကျောင်းသားလူငယ်များအနေဖြင့် ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်သုံးခြင်း၊ ကွမ်းစားခြင်းမှစပြီး စိတ်ကြွရူးသွပ်ဆေးသုံးစွဲခြင်းများဖြစ်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးလက္ခဏာများ၊ စိတ်ကြွရူးသွပ်ဆေးပြား၏ဆိုးကျိုးများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောသည်။
ဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့ မြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဇင်ထိုက်နှင့် တပ်ဖွဲ့ဝင်များ၊ အ-ထ-က(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ (၁၉၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)