ပြည်မြို့ လူမှုဝန်ထမ်းရုံး၌ “လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်း” ဆင်းပွဲကျင်းပ

ပြည် ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးက ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို အဆိုပါရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်မြို့နယ် အမျိုးသမီးရေားရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးတို့က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကာ သင်တန်းသား တစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ပြည်မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ စိတ်ပါဝင်စားသူများ အပါအဝင် စုစုပေါင်း သင်တန်းသား/သင်တန်းသူ(၃၀)တက်ရောက်ခဲ့ပြီး သင်တန်းတွင် ပြည်ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် တာဝန်ရှိသူများအဖွဲ့က “လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှုအား နားလည်သဘောပေါက်ခြင်းနှင့် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု အစိတ်အပိုင်းများ၊ လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှုအား ကဏ္ဍတိုင်းတွင်ထည့်သွင်း စဉ်းစားခြင်းနှင့် လူ့အခွင့်အရေး၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှုနှင့် ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်သင့်သည့် လူမှုကျွမ်းဝင် ရင်းနှီးပေါင်းစပ်မှု၊ ကိုယ်ပိုင်လက္ခဏာ၊ ပုံသေကားချအယူအဆများ၊ တစ်ဖက်သတ်အစွဲအလမ်းများနှင့် ပဋိပက္ခ၊  အကြမ်းဖက်မှုနှင့် ပဋိပက္ခအား လျော့ချခြင်း၊ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းသည့်ပုံစံများ၊ ပဋိပက္ခကိုဆန်းစစ်လေ့လာခြင်းနှင့် ပဋိပက္ခအသွင် ကူးပြောင်းခြင်း အဆင့်များ” စသည့် ခေါင်းစဉ်များဖြင့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ကြောင်း ပြည်ခရိုင် လူမှုဝန်ထမ်းရုံးမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)