ကန်ကြီးထောင့် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွတ်နေမှု အခြေအနေများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဦးဆောင်သောအဖွဲ့မှ ယမန်နေ့ နေ့လည်အချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ပထမဦးစွာ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာရှိတောင်သူ ဦးဝင်းဦး၏ ပဲတီစိမ်း စိုက်ခင်းစိုက်ပျိုးထားရှိမှုနှင့် ဆေးဖြန်းနေမှုအခြေအနေအား လာရောက်ကြည့်ရှုခဲ့ပြီး မြင်းကဆိပ်အုပ်စု၊ စာဖြူစု ကျေးရွာရှိ တောင်သူ ဦးပါလကြည်၏ နေကြာစိုက်ခင်းဖြစ်ထွန်းနေမှုနှင့် နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေတို့အား ဆက်လက် ကြည့်ရှုခဲ့ကြသည်။ ထို့နောက် မြင်းကဆိပ်အုပ်စုရှိ တောင်သူများထံ ဓာတ်မြေသြဇာသွင်းအားစုများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ အဆိုပါတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြင်းကဆိပ်တံတားတည်ဆောက်နေမှု အခြေအနေ အားကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တံတားတည်ဆောက်ပြီးစီးမှုအခြေအနေတို့အား အသေးစိတ် ရှင်းလင်းပြသခဲ့ကြရာ လိုအပ်ချက်များအား တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ကျိုက်လတ် လမ်းဆုံတွင် သွင်းအားစု များဖြစ်သောဓာတ်မြေဩဇာများအားကျေးရွာအုပ်စုများသို့ ဖြန့်ခွဲနေမှုအခြေအနေအား ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဆောင်သော အဖွဲ့မှတကုန်းကြီးကျေးရွာတွင် မြေပြင်လူဦးရေစာရင်း ကောက်ယူနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မဇင် (ပြန်/ဆက်)