မြို့သစ်မြို့ ခရမ်းချဉ်သီးဈေးကွက်အနည်းငယ်မြင်တက်လာ

မြို့သစ် ဇန်နဝါရီ  ၁၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများ စိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီး ဈေးကွက်အနည်းငယ် မြင်တက်လာကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။

"ခရမ်းချဉ်သီးကမီးဖိုချောင်သုံး စားစရာရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၁၀၀၀/၁၅၀၀ ဈေးကနေ တဖြည်းဖြည်းတက်လာတာ တစ်ပိဿာ ၂၄၀၀/၂၅၀၀ ကျပ်ဈေးအထိ မြင့်တက်လာခဲ့တာကြောင့် ခရမ်းချဉ်စိုက်တောင်သူတွေ အတော်အဆင်ပြေခဲ့ပါတယ်"ဟု ခရမ်းချဉ်စိုက် တောင်သူတစ်ဦးကပြောသည်။

မြို့သစ်မြို့နယ်ရှိ ကျေးရွာများအနက်မြင်သာကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဆင်ဖြူချီကျေးရွာတို့တွင် ခရမ်းချဉ်ကိုအဓိကထား စိုက်ပျိုးသည့်ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ် နွေခရမ်းချဉ်ဟူ၍ အမျိုးမျိုးစိုက်ပျိုးကာ ယခုမြို့သစ်မြို့ ခရမ်းချဉ်သီးဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာလျှင် ၂၄၀၀ ကျပ်နှင့် လက်လီဈေးတစ်ပိဿာလျှင် ၂၅၀၀ ကျပ် ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

နွေရာသီမှာ အပူရှိန်ပြင်းလို့ အပင်ဖြစ်ထွန်းမှု နည်းသလိုပိုးမွှားကျရောက်မှုလည်းနည်းပါးပြီး၊ မိုးတွင်းကာလ မှာတော့ အပင်ငယ်ငယ်အချိန်မှာ မှိုရောဂါကျရောက်ပြီးပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရသူတွေရှိသဖြင့် အထူးဂရုစိုက်ပြီး မှိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီးလာတဲ့အခါမှာလည်း ရွက်လိပ်ပိုးနှင့်မှိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရုပြုစိုက်ပျိုးရပြီး ဝါနေသောအရွက်များနဲ့ လိပ်နေသောအရွက်များကို လှီးဖြတ်ပေးရကြောင်းလည်း ခရမ်းချဉ်စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

သန်းဝင်းထွန်း