ကံမ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် မှုဖြင့်အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများကပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ်မှတ်အသက်နှင့်ကိုက်ညီ၍ မိဘအုပ်ထိန်းသူ သဘောတူညီသော ကျောင်းသား၊ ကျောင်းသူများကိုသာ ထိုးနှံပေးခြင်းဖြစ်ပြီး ကံမမြို့နယ် တွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအရောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလိုက်လံထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျောင်းများသို့လည်း သတ်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)