မအီ ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာ သင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ကျော်ကိုင်းကျေးရွာအုပ်စုနှင့် ကျောက်ဝေကျေးရွာအုပ်စု အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ အုပ်စုများရှိ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီ ကိုယ်အပူချိန် တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း (Booster dose) ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
ဖော်ပြပါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျောက်ဝေကျေးရွာ အထက်တန်း ကျောင်းခွဲတွင် စုရပ်ထားရှိ၍ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကျော်ကိုင်းအုပ်စု၊ ကျောက်ဝေအုပ်စု အတွင်းရှိ ကျော်ကိုင်း၊ ကျောက်ဝေ၊ သိမ်ကျောင်းပြင်၊ အောင်ဆိပ်ပြင်၊ ငှက်ပျောတော၊ ရန်ဒေနှင့် ဝေကျေးရွားများမှ အသက်(၅)နှစ်မှ (၁၂) အရွယ် ကျောင်းသားကျောင်းသူ (၄၄၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း( Booster dose) ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ဆက်လက်၍လည်း ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကိုလည်း အလားတူ ထပ်ဆောင်းကာကွယ်ဆေးများကို ညွှန်ကြားချက်နှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)