ကသာမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ပြုလုပ်

ကသာ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် “ရာစုသစ်ရဲ့ ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အဆိုပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေ့သည့် ပညာရေးလုပ်ငန်းစဉ်များ၊ ပညာရေးကဏ္ဍ၏ အရေးပါမှုနှင့် ကျောင်းသား/ကျောင်းသူများအတွက် စိတ်ဓာတ်ရေးရာ မြင့်မားကောင်းမွန်အောင်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်တန်ခိုင်မာအောင် လေ့ကျင့်ဖော်ထုတ် ပေးရန်တို့ကို တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းတို့က အမှာစကားပြောကြားကြရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ပညာရေးဌာန၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ မိဘများမှပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုလိုထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း၊ အားလုံးပူးပေါင်းပါဝင် ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အထက်တန်းအဆင့် လူရည်ချွန်၊ အလယ်တန်းအဆင့် လူရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင် ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများက တေးသရုပ်ဖော် အကများဖြင့် ကပြ၊ သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (ကသာ)