ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စစ်တွေမြို့ပေါ်၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တပြေးညီဖြစ်စေရေး ကွင်းဆင်းစစ်ဆေး

စစ်တွေ    ဇန်နဝါရီ   ၁၁

ရခိုင်ပြည်နယ်အတွင်း လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့် အချက်ပြများ တပြေးညီဖြစ်စေရေးအတွက် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ရဲမှူးကြီးသက်လွင်သည် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများနေရာများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ လမ်းမကြီးနှင့် လမ်းသွယ်များတွင် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ရန် လိုအပ်ချက်များကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ကော်မတီအဖွဲ့ဝင်များက လိုက်လံရှင်းလင်း ပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ မေယုလမ်း၊ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမကြီး၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ရန်လိုအပ်ချက်များကို သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်မြန်မာ့မီးရထား တာဝန်ခံနှင့်အတူ ပြည်တော်သာ - ရေချမ်းပြင် မီးရထားလမ်းပိုင်း၊ စစ်တွေဘူတာနှင့် ဇောပူဂျာဘူတာကြား၊ မိုင်တိုင် ၃/၁၀-၁၁ တံတား အမှတ် (၁၁) အား ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

စစ်တွေဘူတာနှင့် ဇောပူဂျာဘူတာကြား တံတားအမှတ်(၁၁)ကို ပြည်ထောင်စုခွင့်ပြုငွေကျပ် ၄၅၂ သိန်းဖြင့် တံတားအကျယ် ၆ ပေx ၂ပေါက် Flat top တံတားအမျိုးအစား ဆောင်ရွက်နေခြင်းဖြစ်ရာ ပြည်နယ်ဝန်ကြီးက သတ်မှတ်ဒီဇိုင်းပုံစံအတိုင်း ပြည့်မီမှန်ကန်ရေးနှင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)