မြန်အောင် ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကနောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်လွှမ်းမိုးထွန်းက လူကုန်ကူးမှု၊ လူမှောင်ခိုကူးခြင်းများ အကြောင်းနှင့်ပတ်သက်၍ သတိပြုသိရှိလိုက်နာရန် အချက်များကိုလည်းကောင်း၊ ကနောင်နယ်မြေမီးသတ်တပ်ဖွဲ့ ဒုမီးသတ်ဦးစီးမှူး ဦးရန်နိုင်စိုးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်မီးငြိမ်းသတ်ချိန်တွင် မီးသတ်ဆေးဘူး အသုံးပြုပုံများကိုလည်းကောင်း၊ သရုပ်ပြဟောပြောသည်။
ထို့နောက်မြို့နယ်စားသုံးသူရေးရာ ဦးစီးမှူး ဦးမြင့် အောင်ကဓာတုဆိုးဆေးပါသော အစား အသောက်များ၏ ဆိုးကျိုးများအကြောင်းနှင့် ကုန်ထုတ်ညွှန်းအမှတ်အသားပါသော စားသောက်ကုန်များ ဝယ်ယူစားသုံးရေးဆိုင်ရာများကိုလည်းကောင်း၊ လဝန်းရောင်ခြည်ပရဟိတလူငယ်အဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးဇော်က လူငယ်နှင့်ပရဟိတစိတ်ဓာတ်အကြောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပလပ်စတစ်အမှိုက် ကင်းစင်ရေးဆိုင်ရာများကို ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကနောင်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ ၅၈၄ ဦးတက်ရောက် ကြကြောင်း သိရသည်။
ထွန်းဇော်ထွန်း (ပြန်ဆက်)