မုံရွာ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အောင်သလ္လာခန်းမ၌ တောင်သူ နည်းပညာပေးသင်တန်းနှင့် ထရိုင်ဂိုဂရားမားဓာတ်ခွဲခန်း မွေးမြူပုံအဆင့်ဆင့်နှင့် အသုံးပြုနည်းများ ပြသပွဲ အခမ်းအနား ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးမှူးဌာနမှ ခရိုင်ဦးစီးမှူးက အခမ်းအနားသို့ တက်ရောက်သူ တောင်သူများအနေဖြင့် စိုက်ပျိုးမြေ မြေဆီလွှာတည်တံ့ခိုင်မြဲရေးအတွက် ဓါတ်မြေဩဇာ စနစ်တကျ သုံးစွဲရေး၊ သဘာဝမြေဩဇာများ မဖြစ်မနေ ထည့်သွင်းအသုံးပြုရန် မျိုးကောင်းမျိုးသန့် အရည်အသွေးကောင်း မျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေးတို့နှင့် စပ်လျဉ်ပြီး အသေးစိတ် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီးခရိုင်မျိုးစေ့တာဝန်ခံမှ နိုင်ငံတော်၏ အဓိကသီးနှံများဖြစ်သော ဝါနှင့် နေကြာသီးနှံ အရည်အသွေးကောင်းပြီး အထွက်နှုန်းတိုးရန် ရည်ရွယ်၍ မျိုးကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးနည်းနှင့် အထွက်နှုန်းတိုးတက်ရေးတို့နှင့် ပတ်သက်၍ နည်းပညာများအား အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်မြေအသုံးချရေးတာဝန်ခံမှ ကြက်သွန်နီအရည်အသွေးနှင့် အထွက်နှုန်းကောင်းစေရန် ဓါတ်မြေဩဇာများကို တောင်သူများစနစ်တကျ သုံးစွဲတတ်စေရန်လည်းကောင်း၊ မြေဆောင်၊ မျိုးစေ့ ဆောင်ရောဂါများ ကာကွယ်ရန်၊ သီးနှံပင်ကြီးထွားစေရန်နှင့် မြေဆွေးပုံများပြုလုပ်ရာတွင် ထရိုင်ဂို ဒါးမားမှိုအသုံးပြုနည်းများ သိရှိနိုင်ရန်လည်းကောင်း၊ မြေဆီလွှာ ထက်သန်စေရေးအတွက် သစ်စိမ်း မြေဩဇာနှင့် သဘာဝမြေဩဇာများ ထည့်သွင်းအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကြက်သွန်နီသီးနှံတွင် ဓါတ်မြေဩဇာ စနစ်တကျပြုလုပ်သုံးစွဲနည်း၊ ထရိုင်ဂိုဒါးမားမှို အသုံးပြုနည်းများ၊ သစ်စိမ်းမြေဩဇာ နှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့သည်။
အဆိုပါ တောင်သူနည်းပညာပေးသင်တန်းသို့ ခရိုင်၊ မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၂၅)ဦးနှင့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ တောင်သူနည်းပညာများ စိတ်ပါဝင်စားသည့် ဒေသခံတောင်သူ (၆၆)ဦးတက်ရောက်ကြခဲ့ကြပြီး တာဝန်ရှိသူများက တက်ရောက်လာကြသည့် တောင်သူများ၏ သိလိုသည့် တောင်သူနည်းပညာများကိုလည်း ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးမှူးက စပါးနှင့် အခြားသီးနှံများ၌ တောင်သူများ ဥကပ်ပါးနဂျီသုံးစွဲတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပြသထားသော ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ ဓါတ်ခွဲခန်းတွင် ပိုးသတ်ဆေးများ လျော့ချသုံးစွဲရေး၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး၊ တောင်သူများ ကုန်ကျစရိတ် သက်သာစေရေးနှင့် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်ရွယ်၍ ဥကပ်ပါးနဂျီများ ထုတ်လုပ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)