မင်းဘူး ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကန်ရေ(၁)ကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုများအတွက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၊ ကန်ရေ(၁)ကျေးရွာ၌ ယခုလ ၈ ရက် မွန်းလွဲပိုင်းက အမျိုးသား တစ်ဦး အရက်မှူး၍ ဆေးလိပ်သောက်ရင်း အိပ်ပျော်သွားရာမှ ဆေးလိပ်မီးမှတစ်ဆင့် အိပ်ရာခင်းများကို မီးကူးစက်လောင်ကျွမ်းခဲ့ကာ လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်တာကြောင့် ယခုလို သွားရောက်ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက ပြောသည်။
ထိုသို့ထောက်ပံ့ရာတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက အဆိုပါကျေးရွာ၌ မီးဘေးသင့်သေဆုံး (၁)ဦးအတွက် ထောက်ပံ့ငွေ ၃၀၀,၀၀ဝ ကျပ်၊ အိမ်ခြေ (၁)လုံးနှင့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁၀၀,၀၀ဝကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၄,၂၀ဝ ကျပ်၊ စုစုပေါင်း ထောင်ပံ့ငွေ ၄၀၄,၂၀ဝ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးကို မီးဘေးသင့်အိမ်ထောင် စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)