မအီမြို့ ဇိနမာရ်အောင်စေတီတော်၌  အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မအီ    ဇန်နဝါရီ     ၁၁

မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက် ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇)ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် တည်ထားကိုးကွယ်သည့် မာရ်ငါးပါးစေတီတော်များနှင့် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာ၌ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ(၈)ရက်၊ ပြာသိုလဆုတ်(၃)ရက်နေ့က ရတနာ့မာရ်အောင် ဆံတော်ရှင်စေတီတော်မှ စတင်၍ ဆရာတော်သံဃာတော်များက ရွတ်ဖတ် သရဇ္ဈာယ် ပူဇော်ခဲ့ကြရာ ယမန်နေ့ နံနက်(၉)နာရီအချိန်က မာရ်ငါးပါးစေတီတော်များအနက်မှ ကင်းခြေကျေးရွာ ကြိုးကြာတောင်အရပ်ရှိ ဇိနမာရ်အောင် စေတီတော်မြတ်၌ ရွတ်ဖတ်သရဇ္ဈာယ်  ပူဇော်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပဌာန်းပူဇော်ပွဲအခမ်းအနားကို မြောက်ဦးဆရာတော်ကြီးမှူးသည့် ဆရာတော်သံဃာတော်များက ရောင်ခြည်တော်ဖွင့် ဂါထာတော်နှင့် ပဌာန်းပစ္စယ နိဒ္ဒေသ၊ ပဌာန်းပစ္စယ ဥဒ္ဒေသတို့အား ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ကြွရောက်လာကြသည့် တရားနာပရိတ်သတ်များက နမော တဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များက ပဌာန်းဒေသနာ တော်အား ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ယနေ့နံနက်ပိုင်းက ရေစက်သွန်းချပဋ္ဌာန်းသိမ်းပွဲကို ဆက်လက်ကျင်းပရာ အင်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရထံ ၌ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များက မေတ္တာသုတ်တရား တော်အား ဟောကြားတော်မူခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်တို့အား နဝကမ္မ အလှူငွေနှင့် လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူန်ဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ ကင်းခြေရွာမဆရာတော်က တရားလာရောက်နာကြားရန် ဖိတ်ကြားထားသည့် နတ်ဗြဟ္မာတို့အား တရားတော်ဖြင့် ပြန်ပို့ခဲ့ပြီး ပူဇော်ပွဲအခမ်းအနား ကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းး သိရသည်။

ဖော်ပြပါ ပဋ္ဌာန်းပူဇော်ပွဲများကို မြောက်ဦးဆရာတော်ဘုရားကြီး၏ မိန့်မှာချက်အရ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ဌာနဆိုင်ရာများက ပဌာန်းပူဇော်ပွဲတိုင်း၌ ဆရာ တော်သံဃာ တော်များ၏ ဆွမ်းခဲဖွယ် ဘောဇဉ်နှင့် ဝေယျာဝစ္စ အဝဝတို့အား တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ပူဇော်ခဲ့သည့် ဇိနမာရ်အောင်စေတီတော် အသံမစဲမဟာပဌာန်းပူဇော်ပွဲ၌ ပင့်သံဃာ(၁၉)ပါးတို့က ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြပြီး သံဃာတစ်ပါးလျှင် မြောက်ဦးဆရာ တော်ဘုရားကြီးမှ နဝကမ္မ အလှူငွေ (၃၀၀၀၀)ကျပ်နှင့် ကင်းခြေကျေးရွာမှ စေတနာရှင် ပြည်သူ များက (၂၀၀၀၀)ကျပ်စီ ကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ဆက်လက်၍လည်း မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကို မအီမြို့ပတ်ဝန်းကျင်ရှိ မင်္ဂလမာရ်အောင်၊ လောကမာရ်အောင် ထူပါရုံငြိမ်းချမ်းရေး စေတီတော်များ၌ ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်သွားမည်ဖြစ်ပြီး ရတနာမာရ်အောင် တောရဓမ္မရပ် သာရှိ အဓိဋ္ဌန်အောင်ဆုတောင်းပြည့်လျောင်းတော်မူဘုရားကြီး ရင်ပြင်တော်၌ (၃)ရက်၊ စုစုပေါင်း အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲများကို (၉)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ မြို့အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

မောင်မောင်ဌေး(ပြန်/ဆက်)