ရွှေကျင် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေကျင်) ပညာရတနာခန်းမတွင် ပညာရေးစုံညီပွဲတော်ကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်)မှ ကျောင်းသား၊ ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွဲပျော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က ပညာရေးဆိုင်ရာ အချက်အလက်များနှင့် စုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ၊ ကာယ ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ဉာဏစွမ်းရည်ဆုများ၊ ကာယစွမ်းရည်ဆုများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်စိုး၊ မြို့မစခန်းမှူး ဒုရဲမှူးကျော်ဝင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ထွန်းထွန်းနိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်သောင်း၊ ကျောင်းအုပ်ဆရာကြီးဦးညီညီအောင်၊ ကျောင်းကော်မတီဝင်များနှင့်ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကာ ကျောင်းသား/ ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်စိုး၊ မြို့မစခန်းမှူး ဒုရဲမှူးကျော်ဝင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းထွန်းနိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်သောင်း၊ ကျောင်းအုပ်ဆရာကြီးဦးညီညီအောင်၊ ကျောင်းကော်မတီဝင်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ ဆက်)