အိမ်မဲမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၂)အုပ်စု၌ လူဦးရေစာရင်းများ မှန်ကန်စေရေး မြေပြင်ကွင်းဆင်းအဖွဲ့များက စာရင်းများ ဆက်လက် ကောက်ယူလျက်ရှိ

အိမ်မဲ ဇန်နဝါရီ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် လူဦးရေစာရင်းများ မှန်ကန်စေရေး အတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်ကာ စာရင်းကောက်ယူရေးအဖွဲ့ (၁၀၂)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်း စာရင်းများကို ယနေ့တွင် ဆက်လက် ကောက်ယူလျက်ရှိသည်။

ထိုကဲ့သို့ အိမ်ထောင်စုစာရင်းများ ကောက်ယူရာတွင် Server အတွင်းရှိ အိမ်ထောင်စုစာရင်းများ တွင် မှတ်ပုံတင်နံပါတ်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်နိုင်စေရေး ဖြည့်သွင်းခြင်း၊ နိုင်- ၄ မှတ်တမ်းများ ပြည့်စုံမှန်ကန်စေရေး စီစစ်ဖြည့်သွင်းခြင်း၊ အခြားမြို့နယ် အိမ်ထောင်စုစာရင်း ကိုင်ဆောင်သူများနှင့် မည်သည့် အိမ်ထောင်စုစာရင်းမရှိသူ၊ ရွှေ့ပြောင်း၊ ပျံကျများအား အိမ်ထောင်စု (အလွတ်)ဖြင့် ကောက်ယူခြင်း၊ မသန်စွမ်း (၅)မျိုးစာရင်း စနစ်တကျ ကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စာရင်းများကောက်ယူရာတွင် အဆင်ပြေ​စေရေးအတွက် မြို့နယ် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်လဝက ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အိမ်မဲမြို့နယ်တွင် ရပ်ကွက် (၅)ခု ကျေးရွာအုပ်စု (၉၇)အုပ်စု၊ စုစုပေါင်း (၁၀၂)အုပ်စုတွင် ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့ ပေါင်း (၁၀၂)ဖွဲ့ဖြင့် ဇန်နဝါရီ လ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးထံမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ)