စစ်ကိုင်း ဇန်နဝါရီ ၁၁
စစ်ကိုင်းမြို့တွင် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ စေတနာ့ဝန်ထမ်း (လူငယ်) ဆင့်ပွား သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ (၁၁) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့မျက်မမြင်ကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအားစနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြစေရန်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ပြည်သူလူထုအတွင်း ပိုမိုသိရှိနားလည်စေရန် အလွန်အရေးကြီးကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများသည် တစ်ဦးတစ်ယောက်ခြင်း ဆောင်ရွက်ရသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ ဒေသတွင်းရှိတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်ကြရသည့်လုပ်ငန်းဖြစ်ပြီး သင်တန်းမှတဆင့် ရရှိလာသည့် အတွေ့အကြုံများကို စစ်ကိုင်းခရိုင်အတွက် အားကိုးအားထားရပြုရသော လူတော်/ လူကောင်းများ ဖြစ်ကြပါစေကြောင်း စသည်ဖြင့် ပြောကြားကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါသင်တန်းကို (၃) ရက်တာ သင်တန်းပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသား (၃၀) ဦး တက်ရောက်ကြကာ သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းခရိုင်/မြို့နယ် မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင် စစ်ကိုင်းခရိုင် (ပြန်/ဆက်)