ဝေါမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ဝေါ ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ယနေ့နံနက် ၉ နာရီ အချိန်က အခြေခံပညာအထက်တန်း (ဝေါအရှေ့)ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ်မှတ်အသက်နှင့်ကိုက်ညီ၍ မိဘအုပ်ထိန်းသူ သဘောတူညီသော ကျောင်းသား၊ ကျောင်းသူများကိုသာ ထိုးနှံပေးခြင်းဖြစ်ပြီး ဝေါမြို့နယ်တွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအရောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလိုက်လံထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျောင်းများသို့လည်း သတ်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများ၊ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ ဆက်)