ကံမ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကျောင်းကုန်းရပ် ဆုတောင်းပြည့် ရတနာမာန်အောင် ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေး (ပထမအကြိမ်) အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါဘုရားဝန်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအလှူငွေပေးအပ်ပွဲ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ယွန်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓါန နာယက ဆရာတော် ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တကောဝိဒထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စုပေါင်း အလှူငွေပေးအပ်ရာ ဂေါပကအဖွဲ့မှ လက်ခံရယူခဲ့ပြီး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ယွန်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓါနနာယက ဆရာတော် ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တကောဝိဒထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ တရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွတ်ဆိဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)