တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်း နေကြာ၊ ပဲတီစိမ်းစိုက်ခင်းများ ကြည့်ရှုအားပေး

ပုသိမ်  ဇန်နဝါရီ  ၁၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များ လိုက်ပါလျက် ဟင်္သာတခရိုင်  ဟင်္သာတမြို့နယ်၊ တောင်ကလုံကျေးရွာရှိ တောင်သူဒေါ်လှနှင်းရီ၏ လယ်မြေ (၃)ဧကတွင် ပဲတီစိမ်းစိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုးစေရေး၊ အထွက်နှုန်းတိုးစေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ဖတ်သောင်ကျေးရွာရှိ တောင်သူဦးရွှေထူး၏ ဆင်းရွှေကြာ-၂၊ နေကြာမျိုးစေ့ထုတ်(FS) (၁၀)ဧကစံပြစိုက်ခင်း၊ တောင်သူဦးမောင်ကျော်၏ ရေဆင်း၁ စပ်မျိုးနေကြာ ၁ ဧက သီးသန့်စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက်မေရီလန်းကျေးရွာ၊ တောင်သူဦးဝင်းမြင့်ဦး၏ ရေဆင်း-၁၄ ပဲတီစိမ်းမျိုးစေ့ထုတ် (၁) ဧက စံပြစိုက်ခင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် (၁) ဧက စိုက်ခင်း၊ နေကြာ (စူပါဆန်း 41)စပ်မျိုး (၄ )ဧက စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ ဇော်ဂျီကွင်းကျေးရွာတောင်သူ ဒေါ်ရင်မြ၊တောင်သူ ဦးသန်းစိုးတို့၏ နေကြာ ရေဆင်း-၁ စပ်မျိုး (၁.၃၀)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေး ခဲ့သည်။

ထို့သို့ ကြည့်ရှုအားပေးခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်မှ သွင်းအားစုများ ထောက်ပံ့ပေးသည်နှင့်အညီ စနစ်တကျ စိုက်ပျိုးစေရေး၊ အရည်အသွေး ကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေးနှင့်   ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေး မှာကြားခဲ့သည်။ ထို့နောက် အစုကြီး+လှေလမ်းကျေးရွာတွင် ကျေးရွာ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ တစ်အိမ်တက်ဆင်း တိုင်းဒေသကြီးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းဆောင် ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကဥ္စနကျွန်းသာ ကုမ္ပဏီလီမီတက်မှ (ဆင်းရွှေကြာ-၂) နေကြာမျိုးစေ့ထုတ် စံပြစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး မျိုးကောင်းမျိုးသန့်များ ပိုမိုထုတ်လုပ်နိုင်စေရေး၊  စိုက်နည်းစနစ်များ မှန်ကန်စွာ အသုံးပြုနိုင်စေရေးနှင့် ပိုမိုတိုးချဲ့ စိုက်ပျိုးစေရေး မှာကြားခဲ့ကာ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သာဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများ အချိုးကျ သုံးစွဲစေရေး မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)