ဇီးကုန်းမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ဇီးကုန်း ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း) အစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အ.ထ.က- ဇီးကုန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော် တို့နွဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စားအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက ထပ်ဆင့်အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့်လူရည်ချွန်နှင့် Japan scholarship ထူးချွန်ရရှိသူများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ မြို့နယ်အဆင့် ဆုရရှိသူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ U-18 ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲဝင် အားကစားသမားများ၊ ကျောင်းသားအားကစားပွဲတော်မှ ဆုရရှိသူများ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားတွင် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက အကအလှ၊ သီဆိုဖျော်ဖြေမှုများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး၊ အခမ်းအနားအား ကျောင်းသား၊ ကျောင်းသူများမှ  “ဇာတိမာန်” သီချင်းဖြင့် သီဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)