ပုဏ္ဏားကျွန်း ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး(၂)ကြိမ် ဆက်တိုက်ထိုးနှံပြီးစီးမှု ခြောက်လပြည့်သည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူများနှင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ၊ ကျောင်းသား/သူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံနေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းကူညီ ဆောင်ရွက် ပေးခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းအခြေခံပညာကျောင်း(၂၂)ကျောင်းတွင် ယမန်နေ့က ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်၊ ထိုးနှံပြီးစီးမှုကာလ ခြောက်လပြည့်သည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူ(၆၆၈)ဦးနှင့်အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ၊ ကျောင်းသား/သူ (၄၈)ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်ဆောင်း (Booster) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)