သဲကုန်း ဇန်နဝါရီ ၁၁
သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက အ.လ.က အောင်ကုန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ် ခဲ့သည်။
ရှေးဦးစွာ အ.လ.က အောင်ကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာချိုက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ မြို့နယ်ဦးစီးမှုး ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြားအန္တရာယ်နှင့် လူငယ်များမူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်ရန်အတွက် အသိပညာဗဟုသုတများ ရရှိစေရန်ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများ၊ စာအုပ်စာစောင်များ ကို လေ့လာကြည့်ရှုခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး ၊ပြန်/ဆက်