လက်ပံတန်း ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုင်းတောစုကျေးရွာနှင့် ဆင်တလင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ယမန်နေ့ နံနက် ၉နာရီက နယ်လှည့်စာကြည့်တိုက် အသိပညာပေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက ကျောင်းသား/ သူများ စာပေဖတ်ရှုခြင်း အလေ့အထကောင်းများရရှိစေရန်၊ ကျောင်းသားလူငယ်တစ်ဦးချင်းစီ၏ ပညာဗဟုသုတတိုးပွားစေရန်၊ လိမ္မာယဉ်ကျေးတဲ့ ကလေးငယ်များဖြစ်လာစေရန်၊ ငယ်စဉ်တည်းက စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အနာဂတ်ကို ပုံဖော်ထုဆစ် တည်ဆောက်နိုင်ပြီး တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အကျိုးပြုနိုင်တဲ့ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်များဖြစ်လာစေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ကလေးငယ်များ သိရှိလိုက်နာနိုင်ရန် Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ် (၄၁/၂၂) ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများကိုလည်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းက ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြား ပြဇာတ်များဖြင့် ပုံပြင်ပြောခြင်း၊ ကလေးငယ်များနှင့်အတူ ကိုယ်လက်လှုပ်ရှား ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ မသန်စွမ်းသူများအခွင့်အရေး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)