ချောင်းဆုံမြို့နယ်တွင် မြေပြင်အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူနေမှုအား မြို့နယ်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းကြည့်ရှု

ချောင်းဆုံ ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှု ရရှိစေရေးအတွက် ယမန်နေ့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကောက်ကွက်များ အလိုက် အိမ်ထောင်စုလူဦးရေစာရင်းများ ကိုစာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်လျက်ရှိပြီး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေမှုများကို မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းနှင့် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ဟင်္သာကျွန်းကျေးရွာအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း(၄၇)စုမှ ခန့်မှန်းလူဦးရေ (၁၈၁၀၇၉) ဦး၊ အိမ်ထောင်စု (၃၄၂၆၃)စုအား မြေပြင်စာရင်း ကောက်ယူရေးအဖွဲ့ပေါင်း(၆၉)ဖွဲ့မှစာရင်းများ ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီ (၉) ရက်မှ ဇန်နဝါရီ (၃၁) ရက်နေ့ထိ ကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)