ပြည် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့ညနေပိုင်းက ယင်းတက္ကသိုလ်အားကစားရုံ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များအပါအဝင် ပါမောက္ခဌာနမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများ၊ ဘာသာရပ်အလိုက်ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
ယခုလ ၅ရက်မှ ၁၀ရက်နေ့အထိ ကျင်းပခဲ့သော အဆိုပါပြည်တက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား အသင်း ၁၂သင်းနှင့် အမျိုးသမီး အသင်း ၁၃ သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး (အမျိုးသမီး) ပထမဆုတံခွန်စိုက်ဖလားကို ရူပဗေဒဘာသာရပ်အသင်း၊ ဒုတိယဆု သတ္တဗေဒအသင်းနှင့် တတိယဆုကို အရှေ့တိုင်းပညာအသင်းတို့က အသီးသီး ဆွတ်ခူးရရှိကာ (အမျိုးသား) ပြိုင်ပွဲတွင် တတိယဆု ရူပဗေဒအသင်း၊ ဒုတိယဆု ဓာတုဗေဒအသင်းနှင့် ပထမဆုတံခွန်စိုက်ဖလားကို ဘူမိဗေဒအသင်းက ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါဆုအသီးသီးဆွတ်ခူးရရှိသော အသင်းများအတွက် တစ်ဦးချင်းဆု၊ အသင်းလိုက်ဆုနှင့် တံခွန်စိုက်ဖလားဆုတို့ကို ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ ဆက်)