ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

ပေါင်းတည် ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို အ.ထ.က (ပေါင်းတည်)၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့်အဖွဲ့၊ ခရိုင်ပညာရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့်အဖွဲ့တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက်အခမ်းအနားကို ပညာရတနာခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားဒုတိယပိုင်းကို ဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောက ပညာရေးစုံညီပွဲတော်များ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝင့်ပြောကြားရာ၌ ကျောင်းသားကျောင်းသူ လူငယ်များ ပညာရေးသာမကဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆရာ၊ မိဘ၊ ကျောင်းသား ပူးပေါင်း၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပပေးနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများ၏ အကပဒေသာဖျော်ဖြေတင်ဆက်မှုများ၊ ဆုပေးပွဲအစီအစဉ်များကို ဆက်လက်ကျင်းပရာ စာပေပညာ ထူးချွန်ဆုများ၊ ပညာသင်ကြားရေးဆုများ၊ အားကစားထူးချွန်ဆုများကို တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ စုစုပေါင်းအင်အား ၃၀၀ခန့် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ ဆက်)