ကျောက်တော် ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ သဇင်ခန်းမအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးသိန်းမြိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပညာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးမှ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ကျောင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းတွင်းအားကစားပြိုင်ပွဲများ၌ ထူးချွန်ဆုများ ရရှိကြသော ကျောင်းသား/ကျောင်းသူများအား တက်ရောက်လာကြသော တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည် ။ ဆက်လက်၍ ကျောင်းသား ကျောင်းသူ ကလေးများက မဟာနွယ်အက၊ အတူတူဆောင်ရွက်စို့၊ ရခိုင်တို့မြေကို လာခဲ့ပါ စသော အကများဖြင့် ကပြဖျော်ဖြေကြပြီးနောက် ပညာရေးစုံညီပွဲတော်ကို ကျောင်းသား/ကျောင်းသူ လေးများက ဇာတိမာန်သီချင်းဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း (ပြန်/ဆက်)