နေကာပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ

မြို့သစ် ဇန်နဝါရီ ၁၁

မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဂွေးကုန်းအုပ်စု၊ ဂွေးကုန်းကျေးရွာ တောင်သူဦးလှဝင်း၏ နေကာပြောင်းဖူးစိုက်ခင်း စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဇန်နဝါရီ (၁၅)ရက်နောက်ပိုင်းတွင် ပြောင်းဖူးများကိုခုတ်၍  ရောင်းချသွားရမည်ဖြစ်ကြောင်း  တောင်သူဦးလှဝင်းထံက သိရသည်။

အဆိုပါ နေကာပြောင်းဖူး စိုက်ခင်းစိုက်ပျိုးရာတွင် ကြိုးတန်းပြေးကာ တစ်ပေခြားတစ်ပင်စိုက်စနစ်ဖြင့် စိုက်ပျိုးခဲ့သည့်အတွက် စိုက်ပျိုးသည့် ကုန်ကျစရိတ်သာ ကုန်ကျခဲ့ရပြီး ပေါင်းများကို လည်း ပေါင်းသတ်ဆေးပတ်ဖြန်းခြင်း၊ အားဆေးကျွေးခြင်းသာ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါနေကာပြောင်းဖူးများကို  တောင်တွင်းကြီးမြို့မဈေးသို့ သွားရောက်ရောင်းချခြင်း၊  မြို့သစ်မြို့မဈေးသို့  သွားရောက်ရောင်းချသွားမှာဖြစ်ကြောင်း  ယနေ့အခါတွင် ပြောင်းဖူးတစ်ဖူးလျှင် ၃၀၀ကျပ်နှုန်းဖြင့် ဝယ်ယူစားသုံးနေရကြောင်း၊ ကိုယ်တိုင်ပြုတ်ရောင်းလျှင် ပို၍တွက်ခြေကိုက်ကြောင်း၊ ဖောက်သည်ပေးရောင်းချမည်ဆိုပါက ၂၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက်  ဂွေးကုန်းကျေးရွာရှိ တောင်သူအများစုမှာ ပြောင်းဖူး၊ ငရုတ်၊ ကြက်သွန်၊ စသည့် သီးနှံများကိုသာ အဓိက စိုက်ပျိုးနေကြောင်း ဂွေးကုန်းကျေးရွာရှိ တောင်သူများထံက သိရသည်။

ကိုဇော် (ပြန်/ဆက်)