မင်းဘူးမြို့တွင် မြက်တံမြက်စည်း လှိုင်လှိုင်ရောင်းချနေရသဖြင့် တံမြက်စည်းပြုလုပ်သည့် မြက်ပင်ခုတ်ထွင်ရောင်းချသည့် တောင်သူများလည်း ရောင်းအားကောင်းလို့အဆင်ပြေ

မင်းဘူး  ဇန်နဝါရီ  ၁၁

မကွေးတိုင်းဒသကြီး၊ မင်းဘူးမြို့၌ မြက်တံမြက်စည်း ပြုလုပ်၍ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချရာ လှိုင်လှိုင်ရောင်းချနေရသဖြင့် တံမြက်စည်းပြုလုပ်သည့် မြက်ပင် ခုတ်ထွင်ရောင်းချသည့် တောင်သူများ ရောင်းအားကောင်းကာ အဆင်ပြေလျက်ရှိသည်။

အဆိုပါ တံမြက်စည်း ပြုလုပ်သည့် မြက်ပင်များမှာ ပဒါန်း၊ အမ်း၊ ဂုတ်ကြီးစသော တောင်ပေါ်ဒေသများတွင် အများဆုံး ပေါက်ရောက်၍ ကြူပင်နှင့် အလားသဏ္ဍန်တူသော အရွက်ရှည်မြစ်ပွား အပင်မျိုးဖြစ်ကာ မြေအစိုဓာတ်ရှိပြီး ခြောက်သွေ့သောရာသီကို ကြိုက်သောကြောင့် ဆောင်းရာသီတွင် အပေါက်များသည်။ အပင်၏ အမြင့်မှာ (၅) ပေမှ (၆) ပေအထိ ရှည်၍ မြက်ထုံး တစ်ထုံးလျှင် (၉၀၀၀) ကျပ်ဖြင့် ရောင်းချ ရကြောင်း သိရသည်။

တံမြက်စည်း ပြုလုပ်သူများသည် ဝယ်ယူထာသော မြက်ပင် အစိုများကို ကွင်းပြင်တွင် (၅) ရက်ကျော် (၆) ရက်ခန့် နေပူလှန်း၍ ရရှိလာသော မြက်ပင်ခြောက်များအား တံမြက်စည်း ပြုလုပ်၍ အတိုတစ်ချောင်းလျှင် (၁၂၀၀) ကျပ်၊ အရှည် တစ်ချောင်းလျှင် (၁၅၀၀) ကျပ် နှုန်းဖြင့် ဒေသတွင်းရှိ ကုန်စုံဆိုင်များနှင့် အရောင်း ကိုယ်စားလှယ်များအား လှိုင်လှိုင် ရောင်းချရကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် အရောင်းသွက်သော နွေရာသီနှင့် ဆောင်းရာသီကာလများတွင် တစ်နေ့လျှင် မြက်တံမြက်စည်းပြုလုပ်၍ ရောင်းချသူများမှာ ရောင်းအားကောင်းကြသလို တံမြက်စည်းပြုလုပ်သည့် မြက်ပင်များ ခုတ်ထွင်ရှင်းလင်း၍ ရောင်းရသည့်တောင်သူများလည်း ရောင်းအားကောင်းလို့ အဆင်ပြေ ကြကြောင်း ပဒါန်း၊ အမ်းမှ မြက်ထုံးရောင်းချသည့် တောင်သူများထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)