မောင်တော ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း နှိုးဆော်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဇော်ဦးလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယခုအခါပွင့်လင်းရာသီသို့ရောက်ရှိနေပြီ ဖြစ်ပါသဖြင့် မိဘပြည်သူများ၊ ကလေး သူငယ်များ၊ သက်ကြီး ရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ/ရုံးများတွင် မီးဘေး လုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင် ကာကွယ်ရန်ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန်လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူလူထုများသိရှိနိုင်ရေးအတွက် အသိပေးလိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)